About the Author

By MyCareers

နောင်သုံးနှစ်မှာ ကိုယ့်ကိုယ်ကိုဘယ်နေရာမြင်သလဲဆိုတဲ့မေးခွန်းကို ဘယ်လိုဖြေမလဲ?

29-Aug-2020

နောင်သုံးနှစ်မှာ ကိုယ့်ကိုယ်ကိုဘယ်နေရာမြင်သလဲဆိုတဲ့မေးခွန်းကို ဘယ်လိုဖြေမလဲ?

အင်တာဗျူးဖြေဆိုတဲ့အခါမှာ အင်တာဗျူးသူများက အလုပ်လျောက်ထားသူကို မေးမြန်းတဲ့ မေးခွန်းများစွာထဲက အထက်မေးခွန်းကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီမေးခွန်းမေးတဲ့ အကြောင်းကတော့ အလုပ်လျှောက်ထားသူဟာ ကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီး ဘယ်လောက် မျှော်မှန်းထားသလဲ၊ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကိုရော ရှင်းလင်းသေချာစွာသိသလား၊ လျှောက်ထားတဲ့အလုပ်နဲ့ ဖြစ်ချင်တာနဲ့ကိုက်ညီမှုရှိသလား စသည်ဖြင့်သိချင်တဲ့အတွက် မေးမြန်းလေ့ရှိပါတယ်။ Laura တို့အင်တာဗျူးမေးတဲ့အခါမှာလည်း ဒီမေးခွန်းကို ထည့်မေးလေ့ရှိပါတယ်။ ဒီလိုမေးတဲ့အခါမှာ အများစုဟာဒီမေးခွန်းကို ကောင်းမွန်စွာမဖြေနိုင်တာကို တွေ့ရပါတယ်။

ကိုယ့်အတွေ့အကြုံအရ လူ ၅၀ ရာခိုင်နှုန်းအထက်လောက်က နောင်သုံးနှစ်နေရင် ကိုယ့်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်မယ်လို့ဖြေကျပါတယ်။ ဒီလိုဖြေတဲ့အခါမှာ အင်တာဗျူးမေးတဲ့သူရဲ့ အမြင်မှာ ဒီအလုပ်လျှောက်ထားသူဟာ ရေရှည်မှာမိမိလုပ်ငန်းလုပ်ဖို့သာစိတ်၀င်စားတဲ့အတွက် ကုမ္ဗဏီမှာတိုးတက်မှုကိုလည်း စိတ်၀င်စားမှုမရှိနိုင်ဘူးလို့ယူဆနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ် ဆိုတဲ့အဖြေဟာ သေချာတာတော့အင်တာဗျူးသူတွေလိုချင်တဲ့အဖြေမဟုတ်ပါဘူး။

တစ်ချို့ကျတော့လည်း ကိုယ်လျှောက်တာက executive ရာထူး၊ နောင်သုံးနှစ်နေရင်ဖြစ်ချင်တာက general manager ဆိုပြီး ကိုယ့်လက်ရှိအနေအထားနဲ့အရမ်းအလှမ်းဝေးလွန်းလှတဲ့ ရာထူးကိုဖြေကျ ပါတယ်။ သုံးနှစ်အတွင်းမှာ မဖြစ်နိုင်ဘူးလားလို့မေးစရာရှိပါတယ်။ ဖြစ်အောင်လုပ်မယ်ဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့အဲ့ရာထူးရောက်အောင် ဘယ်လိုလုပ်ဆောင်မလဲလို့ စေ့စေ့စပ်စပ်မေးတဲ့အခါကျတော့ သေချာမဖြေနိုင်တော့ပါဘူး။ ဒါဟာဘာကိုပြသလဲဆိုတော့ ကိုယ်ဖြစ်တဲ့အရာကိုဖြစ်အောင်လုပ်ဖို့ အစီအစဉ်မရှိတာကိုပြပါတယ်။

ဒီမေးခွန်းမေးရတဲ့အဓိကအကြောင်းရင်းကတော့ အလုပ်လျှောက်ထားသူရဲ့ ဖြစ်ချင်တဲ့ career goal နဲ့ ကုမ္ဗဏီရဲ့ သွားနေတဲ့လမ်းကြောင်းနဲ့ ဘယ်လောက်ကိုက်ညီလဲဆိုတာကိုသိချင်တဲ့အတွက် မေးမြန်းတာဖြစ်ပါတယ်။ ဖြေဆိုသင့်တဲ့ပုံစံတွေအများကြီးရှိတဲ့အထဲက အချို့ကိုမျှဝေလိုပါတယ်။ ကိုယ့်ဖြစ်ချင်တဲ့ career goal ကိုရှင်းလင်းစွာသိပြီး အင်တာဗျူးမေးမြန်းသူကိုလည်း သိရှိအောင်ပြောပြဖို့လိုပါတယ်။ အများစုက ကိုယ်ဖြစ်ချင်တာကို သေချာမသိကြတဲ့အခါ ရှင်းပြတဲ့အခါမှာလည်း သေချာမရှင်းပြနိုင်တာကိုတွေ့ရပါတယ်။ ဥပမာ - အင်တာဗျူးသူက မေးမြန်းတဲ့အခါ ဖြေသင့်တာက ဖြစ်ချင်တာက ဒီရာထူး၊ ဒီ့အတွက်နောင်သုံးနှစ်မှာကိုယ့်ကိုယ်ကို ဒီနေရာကိုရောက်နေမယ်လို့မြင်ပါတယ် လို့ဖြေလို့ရပါတယ်။ ကိုယ်ရောက်ချင်တဲ့နေရာကလည်း ကိုယ်နဲ့လက်လှမ်းမီနိုင်တဲ့နေရာဖြစ်ဖို့တော့လိုပါတယ်။

ဒီမေးခွန်းဖြေတဲ့နေရာမှာ အရေးအကြီးဆုံးက မိမိဟာသင်ယူလေ့လာလိုသူ၊ တိုးတက်လိုစိတ်ရှိသူ၊ တာ၀န်ယူလိုသူ အနေနဲ့အဓိကထားဖြေကြားသင့်ပါတယ်။ မိမိဖြစ်ချင်တာကိုသေချာမသိရှိတဲ့သူ အတွက် ကုမ္ဗဏီအနေနဲ့လည်းသင့်တော်တဲ့နေရာကို ထားဖို့အတွက်ကအတော်ခက်ခဲပါတယ်။ ကိုယ်ဖြစ်ချင်တာကိုသေချာရှင်းရှင်းလင်းလင်း အင်တာဗျူးမှာပြောပြထားတဲ့အခါမှာ အခွင့်အလမ်းပေါ်လာတဲ့အခါ မိမိကိုအဓိကထားစဉ်းစားထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ဒါကြောင့်စာဖတ်သူတို့လည်း အင်တာဗျူးဖြေဖို့မသွားခင်မှာ ဒီမေးခွန်းမေးလာခဲ့ရင်ဘယ်လိုဖြေဆိုမလဲ ဆိုတာကို ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။

#Laura_Cho